★★★ မင်္ဂလာပါ သက်​ပိုင်​စိုး-နည်းပညာမှကြိုဆိုပါတယ်​ လာ​ရောက်​လည်​ပတ်​သူများရွှင်​လန်း ချမ်း​မြေ့ကြပါ​စေ အဆင်​မ​ပြေတာ လင့်​​သေ​နေတာ​တွေ့ရင်​ comment ​ရေထားခဲ့ပါ​နော်​ ။။ ★★★
>>>Eye floaters (မျက်လုံးထဲက ရေမြှုပ်လေးတွေ)<<<

အာကာသ နဲ့တော့ မဆိုင်ပါဘူး။ မနက်က အလင်းရောင်တစ်ခုကို ကြည့်မိရင်း မျက်လုံးထဲမှာ အခုလို ပုံလေးတွေ မြင်လာတော့ နဲနဲ လန့်သွားတယ်။ အရင်တုန်းကလည်း တခါတလေ ဖြစ်ဖူးပါတယ်။ ဒီနေ့တော့ ဒီအကြောင်းလေးကို လိုက်မရှာဘဲ အမှတ်မထင်တွေ့သွားလို့ ပြန်လည် မျှဝေပေးခြင်းဖြစ်ပါတယ်။ စာဖတ်ပရိတ်သတ်များလည်း ကြုံတွေ့ဖူးမှာပါ။

Eye floaters လို့ခေါ်ပါတယ်။ မျက်လုံးထဲမှာ တခါတခါ ပေါ်လာတတ်တယ်။ စူးရှတဲ့အလင်း (ဥပမာ။ ကောင်းကင်ပြာပြာ၊ စက္ကူဖြူဖြူ) တွေကိုကြည့်ရင် မြင်တတ်တယ်တဲ့..။ ဒီ ရေမြှုပ်လေးတွေ များလာရင်တော့ အမြင်အာရုံကို ရှုပ်ထွေးစေပါတယ်။ လူတော်တော်များများမှာ ဖြစ်တတ်ပေမယ့်လို့ မသိလိုက် သလိုဘဲ နေတတ်ကြပါတယ်။ တော်ရုံ ဆေးမကုကြပါဘူး။

အရေးကြီးတာကတော့ တခါတရံမှာ ဒီ ရေမြှုပ်လေးတွေဟာ ရုတ်တရက်များလာခဲ့တယ်၊ မျက်စိအမြင်ေ၀၀ါးလာတယ် ဆိုလျှင်တော့ မျက်စိ ဆရာဝန်နဲ့ အမြန်သွားပြသင့်ပါတယ်။

ဘာ့ကြောင့်ဖြစ်တာလဲ..။
................................
ဒီ ရေမြှုပ်အများစုဟာ ကော်လဂျင်လို့ခေါ်တဲ့ သေးငယ်တဲ့ ပရိုတင်းအမှုန်လေးတွေကြောင့် ဖြစ်တာပါ။ မျက်လုံးအိမ်အတွင်းမှာ ဂျယ်လီလိုမျိုး အရည်တွေစုနေတဲ့ vitreous humor ဆိုတဲ့နေရာရှိပါတယ်။ အသက်အရွယ် ရလာတဲ့အခါ အဲ့ဒီ့ ဂျယ်လီရည်နဲ့ စောစောကပြောတဲ့ ကော်လဂျင် မှုန်လေးတွေနဲ့ ရောထွေးခြင်းမှ အဖတ်လေးတွေဖြစ်လာပါတယ်။ အဲ့ဒီ့အဖတ်လေးတွေဟာ သူငယ်အိမ်ကို သွားတဲ့ အလင်းရောင်ကို အနှောင့်အယှက်ပေးလိုက်တဲ့အခါ အခုလို ရေမြှုပ်လေးတွေကို မြင်ကြရတာ ဖြစ်ပါတယ်။ 

အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ အများအားဖြင့် အသက် ၅၀ မှ ၇၅ ကြားမှာ အဖြစ်များတယ်လို့ ဆိုပါတယ်။ မျက်စိ တိမ်ခွဲဖူးတဲ့သူ (သို့) အဝေးမှုန်တဲ့သူတွေမှာ အဖြစ်များတယ်။ မျက်လုံး ထိခိုက်ဖူးတာတွေ၊ ခွဲစိတ်ဖူးတာတွေနဲ့လည်း ဆက်စပ်တယ်။ ဆီးချိုကြောင့်လည်း ဖြစ်နိုင်တယ်။ Eye tumors ကြောင့်လည်းဖြစ်တတ်ပေမယ့် ရှားပါတယ်။

ဘယ်လိုလုပ်ရင် ကောင်းမလဲ
.....................................
စ ဖြစ်ဖြစ်ချင်းဆိုလျှင်တော့ ဆေးကုသစရာ မလိုဘူးလို့ ဆိုပါတယ်။ မျက်လုံးထဲမှာ ရေမြှုပ်တွေ ရှုပ်နေလျှင် မျက်လုံးကို ဟိုဘက်၊ ဒီဘက် ရွှေ့လိုက်ပါ။ အပေါ်၊ အောက် ကြည့်လိုက်ပါ။ အမြှုပ်များ ပျောက်ကွယ်သွားပါလိမ့်မယ်။

ဒီ့ထက်ပိုပြီး များလာမယ်။ ခဏ ခဏ ဖြစ်လာမယ်၊ အမြင်အာရုံကို နှောက်ယှက်လာမယ်ဆိုလျှင်တော့ မျက်စိ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဆရာဝန်က မျက်စိ ခွဲပေးလိမ့်မယ်။ Vitrectomy လို့ခေါ်တယ်။ မျက်လုံးအိမ်ထဲက အရည်နဲ့ အမှုန်တွေကို ထုတ်ပြီး အထူးပြုလုပ်ထားတဲ့ ဆားရည်ကို ပြန်ထည့်ပေးတာပါ။ 
ဒါဟာလည်း တတ်ကျွမ်းတဲ့ ဆရာဝန်က လိုအပ်မှ လုပ်တာပါ။ 

ဘာဘဲဖြစ်ဖြစ် အာကာသနှင့် စကြ၀ဠာ စာဖတ်ပရိတ်သတ်များ အခုလိုမျိုး မြင်တွေ့ဖူးကြတယ်ဆိုလျှင်.. ဘာဖြစ်လို့ ဖြစ်ရတာလဲ၊ ဘယ်လိုလုပ်ရင်ကောင်းမလဲ စတာတွေကို ဝေဖန်စဉ်းစားနိုင်ရန် ရေးသားလိုက်ပါတယ်။ ကွန်ပျူတာကို အာရုံ တအားစိုက်တာ ခဏလျှော့ပြီး အပြင်က သဘာဝ အစိမ်းရောင်လေးတွေကို များများ ကြည့်ရှုပေးရင် မျက်လုံးပြန်လည် ကြည့်လင် လန်းဆန်းစေမှာပါ။


Credit 
သန့်ဦး
အာကာသနှင့် စကြာဝဋာ





No comments

★★★ အဆင်​မ​ပြေတာ လင့်​​သေ​နေတာ​တွေ့ရင်​ comment ​ရေထားခဲ့ပါ​နော်​ ။။ ★★★

Theme images by Radius Images. Powered by Blogger.